Рет қаралды 190,546
အာရက္ခတပ်တော်ရဲ့ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေး
ညိုထွန်း/People's Spring
အာရက္ခတပ်တော်က မောင်တောမြို့နယ်မှာနောက်ဆုံးကျန်တဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ဌာနချုပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ( နခခ-၅) ကို ဥမင်လှိုဏ်ခေါင်းတူးပြီး တိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြလိုက်တဲ့ အခါ ပြည်သူတွေ အံအားသင့်ခဲ့ရပါတယ် ။ရုပ်သံဇာတ်လမ်းတွေမှာ ၊စာအုပ်တွေထဲမှာပဲတွေဖူးတဲ့ ဥမင်လှိုင်ခေါင်တူးပြီးတိုက်ခဲ့တဲ့ အာရက္ခတပ်ဖွဲ့ဝင်တွေရဲ့တိုက်ပွဲဝင်စိတ်ဓါတ် ၊တိုက်ရည်ခိုက်ရည်၊ စစ်နည်းပရိယာယ်တွေကို ချီးကျူးထောပနာပြုသံတွေ ညံသွားပါတယ် ။
အာရက္ခတပ်တော် (AA) စစ်သည်တွေ ရဲ့ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး အတွေ့အကြုံဟာ နခခ (၅)သိမ်း တိုက်ပွဲ က ပထမဆုံး မဟုတ်ပါဘူး။
ပစ်အား အဆမတန်သာလွန်တဲ့ ရန်သူ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ခုခံဖို့နဲ့ တစ်ဖက်ရန်သူကို အလစ်အငိုက်မိစေဖို့ ရည်ရွယ်တိုက်တဲ့ ဥမင်လှိုင်ဏ်ခေါင်း စစ်ဆင်ရေး (Tunnel Warfare)ကို AA က လွန်ခဲ့တဲ့ လေးနှစ်ကျော်က တည်းက စသုံးခဲ့တာပါ။
၂၀၂၀ မီးဝဗျူဟာကုန်း တိုက်ပွဲလို့ ထင်ရှားပြီး ချင်းနဲ့ ရခိုင်အစပ် ဒေသရဲ့ စစ်ရေးအရ မဟာဗျူဟာမြောက် အရေး ပါတဲ့ စစ်ဗျူဟာ စခန်းကြီးဖြစ်ပါတယ်။ AA က ထိုးစစ်ရက်ပေါင်း (၄၀)ကျော်ကြာ တိုက်ခဲ့ပေမဲ့ နောက်ဆုတ် ပေး လိုက်ရတဲ့ တိုက်ပွဲဖြစ်ပါတယ်။ AA ကနောက်ဆုတ်ပေးခဲ့ရပေမယ့် စစ်ရေးအတွေ့အကြုံတွေအများကြီးရခဲ့ပါတယ် ။ အဲဒီတိုက်ပွဲပြီးကတည်းက စစ်တပ်နဲ့ စစ်လော်ဘီတို့ AAကို ‘ရဲတိုက်’၊ ‘ဓာတ်ခဲ’ လို့ နှိမ်ခေါ်တဲ့ အသံတွေ မထွက်ရဲတော့ပါဘူး။
တချိန်က ရဲတပ်ဖွဲ့ဝင်တွေ အတွက် ရခိုင်ပြည်နယ်ဟာ ရဲသင်္ချိုင်း ဖြစ်ခဲ့ပေမဲ့ အခုတော့ စစ်အာဏာရှင် မင်းအောင် လှိုင်နဲ့ တကွ သူ့ကြေးစားတပ်က စစ်ဗိုလ်၊ စစ်သားတွေ အတွက် စစ်သင်္ချိုင်း ဖြစ်နေပါပြီ။
ရခိုင်တပြည်နယ်လုံး စကစ ကင်းစင်နယ်မြေဖြစ်ရမယ်လို့ ပိုင်းဖြတ်ပြီး တိုက်နေတဲ့ အာရက္ခတပ်တော်(AA) နဲ့ ရက္ခိုင့် စစ်သည်တွေရဲ့ အများနဲ့မတူ ပိုမို ပင်ပန်းဆင်းရဲခံနိုင်တဲ့ ရဲစွမ်းသတ္တိဟာ ရက္ခိုင့်သားတွေရဲ့ မွေးရာပါ ဗီဇ စိတ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့် စစ်ရေးနဲ့ ရက္ခိုင့်အရေး နှံ့စပ်သိနားလည်သူတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ အခြားသူတွေထက် အလုပ်ကို နှစ်ဆ ပိုတိုးလုပ်နိုင်တဲ့ ရက္ခိုင်တိုင်းရင်းသား ကျောက်တူးတဲ့ အလုပ် သမား၊ ရေမဆေးကျောက်ရှာတဲ့ အလုပ်သမား တွေ ကို ပိုင်ရှင်သူဋ္ဌေးဖြစ်တဲ့သူတွေ အလွန်သဘောကျ ကြတယ်လို့ သူက ဥပမာပြု ပြောပါတယ်။
“ထမင်းလဲ သူများတွေထက် နှစ်ဆသုံးဆ စားနိုင်တယ်။ အလုပ်လဲသူများတွေထက် နှစ်ဆသုံးဆ ပိုလုပ် နိုင်လို့ သူဋ္ဌေးတွေက ရခိုင်တွေဆို အရမ်းသဘောကျတာ။ အဲဒါ သူ့လူမျိုးတွေရဲ့ ဗီဇပဲ၊ သူ့လူမျိုးရဲ့ ပင်ကိုယ်စရိုက်ပဲ” လို့ သူက ဆက်ရှင်းပြပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်ပုံစွမ်းရည်ဟာ KIA၊ KNU တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ပုံ ချင်းမတူပဲ UWSA၊ TNLA ၊ MDAA တပ်ဖွဲ့တွေနဲ့ တိုက်ပုံတူပြီး ဗကပ တို့ရဲ့ စစ်ရေး တိုက်စွမ်းရည်နဲ့ ပိုနီး စပ်တယ်လို့ ဝါရင့် စစ်ရေးအတွေ့အကြုံရှိသူက နှိုင်းယှဥ်ပြပါတယ်။
“ အားလုံးထဲမှာ AAက သာတာတော့ ပင်ပန်းဆင်းရဲ ခံနိုင်တာပဲ”လို့ သူက ဆက်ပြီး မှတ်ချက်ပေးပါတယ်။
နခခ (၅) ဌာနချုပ် တည်နေရာနဲ့ ဖွဲ့စည်းပုံစကစရဲ့ နခခ (၅) ဌာနချုပ်ဟာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်က ကျည်ကွယ်၊ မျက်ကွယ်မရှိတဲ့ ကွင်းပြင်မှာ ရှိတာပါ။ စခန်း ပတ်ပတ်လည်ကို ခြံစည်းရိုး နှစ်ထပ်ကာ မြေမြှပ်မိုင်းပေါင်း (၁၀၀၀) ကျော်နဲ့ သတ်ကွင်းပြင်ထား တဲ့အပြင် တပ် အင်အား (၇၀၀) ကျော်၊ အခိုင်အမာတည်ဆောက်ထားတဲ့ RC နှစ်ထပ်မှ သုံးထပ် အဆောက် အအုံ တွေ၊ ဘန်ကာ အကြီး၊ အသေး အလုံးပေါင်း (၁၅၀)ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ခံစစ် စခန်းကြီးပါ။
ဒါ့အပြင် ပေ (၂၀)လောက်ကျယ်တဲ့ ကျုံးမြောင်းတွေတူးထားပြီး အောက်ခြေမှာ ဆူးငြှောင့်တွေပါ စိုက်ထားပါ တယ်။
ဒါတင်မကသေးပါဘူး။ သဘာဝ ချောင်းတစ်ခုကလဲ စခန်းကို ပတ်ပြီး စီးဆင်းနေပါသေးတယ်။
စကစ ရဲ့ နခခ (၅) ဌာနချုပ် ခံစစ်စခန်းဟာ ရေမြေသဘာဝအနေအထားအရ အစစ အရာရာ အသာစီးရထားတဲ့ မောင်တောင်မြို့ရဲ့ နောက်ဆုံး ခံတပ်စခန်းကြီးအဖြစ် စကစ ဘက်က အသေအချာ ပြင်ဆင်တည်ဆောက်ထားခဲ့ တာပါ။
ဒါကြောင့် အာရက္ခ တပ်တော်(AA) ဟာ မောင်တောမြို့မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ နခခ (၅) ဌာနချုပ်ကို နှစ်လ တိုင်တိုင် ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ပေမဲ့လဲ စခန်းလက်ရ မသိမ်းနိုင်ဘဲ ဖြစ်နေပါတယ်။
AA ရဲ့ ထိုးစစ်ရက်ပေါင်း (၅၅)ရန်သူ့ဘက်က ကျုံးမြောင်း ပတ်လည်တူးပြီး အခိုင်အမာ ခံစစ်ပြင်ထားတဲ့ နခခ (၅) ဌာနချုပ်ကို ရဖို့အတွက် ဆိုရင် တန်ပြန် ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဗျူဟာသုံးပြီး တိုက်ယူမှပဲရတော့မယ်ဆိုတာကို အာရက္ခတပ်တော်(AA)ရဲ့ ရှေ့တန်း ဗျူဟာမှူးနဲ့ စစ်ကြောင်းမှူးတွေ သဘောပေါက်လာခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်လွှင့်တဲ့ ရခိုင် ဒေသတွင်း Western News ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။နခခ (၅)သိမ်းတဲ့ စစ်ဆင်ရေးအကြောင်းသိရှိတဲ့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအမြစ်တစ်ဦးက သူတို့ သတင်းဌာကို ပြောတာလို့ ဆိုပါတယ်။
တနည်းအားဖြင့် ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဗျူဟာနဲ့ အခိုင်အမာခံစစ်ပြင်ထားတဲ့ ရန်သူ့ ခံတပ်ကြီးကို တန်ပြန် ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေးဗျူဟာ သုံးပြီး တိုက်ရတဲ့ တိုက်ပွဲဆိုရင် မမှားပါဘူး။
၂၀၂၄ အောက်တိုဘာ (၁၄) ရက်မှစတင်ပြီး ဒီဇင်ဘာ (၈)ရက်၊ နံနက် (၉)နာရီခွဲ အထိ (၅၅)ရက်ကျော် ကြာမြင့်တဲ့ ထိုးစစ်ကာလ အတွင်း AA စစ်သည်တွေဟာ နခခ (၅)စခန်းကို လက်ရသိမ်းပိုက်နိုင်ဖို့ အရေး မိုင်နဲ့ချီတဲ့ ဆက်သွယ် ရေးမြောင်းတွေနဲ့ မြေအောက်လှိုဏ်ခေါင်းတွေတူးကာ ရင်မြေကတုတ်လုပ်ပြီး တိုက်ခဲ့ရပုံကို AAက ဒီဇင်ဘာ (၁၀) ရက် စစ်သတင်းထုတ်ပြန်တဲ့ ရုပ်သံမှာ ဖော်ပြထားပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring