Рет қаралды 3,828
စက်ဘီးနီနီလေး နောက်ဘက်တွင် ခုံအပိုကလေး ပါသည်။ ပစ္စည်း တင်ချင်တင်၊ မတင်လျှင်လည်း ညီမလေးဖြစ်ဖြစ်၊ မောင်လေးဖြစ်ဖြစ် တစ်ယောက်ယောက်ကိုတင်ကာ စီးနိုင်သည်။
မေမေက “သမီးရေမဂျာအေး ဆီအစိတ်သား သွားဝယ်စမ်း” သို့မဟုတ် “အာလူးအစိတ်သား သွားဝယ်စမ်း” “ငရုတ်သီးမှုန့် တစ်မတ်ဖိုး သွားဝယ်စမ်း” ဟု မကြာခဏ ခိုင်းတတ်သည်။
ထိုအချိန် ထိုအခါမျိုးတွင် အောက်နားက စုတ်နေသော ဂါဝန်ကို လက်တစ်ဖက်နှင့် စုကိုင်ကာ ကြိမ်ခြင်းအစုတ်လေးကိုဆွဲပြီး ခပ်ငိုက်ငိုက်သွားမည့်အစား စက်ဘီးကလေးပေါ်သို့ လွှားခနဲခုန်တက်ပြီး မော့မော့ကလေးစီး၍ သွားချင်စမ်းလှသည်။ လေအဟုန်ထဲတွင် ဆံပင်ပျော့ပျော့ကလေးများ တလွင့်လွင့်နှင့် ဝဲပျံနေအောင် စက်ဘီးကို တအားကုန် နင်းပစ်လိုက်ချင်သည်။
“အဖေကတော့ ပြောတယ်၊ ထီပေါက်ရင် ဝယ်ပေးမယ်တဲ့”
အိုးပုတ်သေးသေးကလေးအထဲသို့ ရွှံ့စေးများကို ဖိသိပ်ပြီးထည့်နေသော ညီမလေးကို ကြည့်ရင်း ဂျာအေးက တစ်ဦးတည်း ပြောသည်။
“ထီက ဘယ်တော့ပေါက်မှာလဲဟင်”
ညီမလေးက လှမ်းမေးတော့ ဂျာအေး နည်းနည်းစိတ်တိုသွားသည်။ ထိုမေးခွန်း၏အဖြေကို သူလည်းသိချင်သည်ပင်။ အဖေက ထီပေါက်စဉ်ကို ကြမ်းတွင်ဖြန့်ပြီး ထီလက်မှတ်ကလေး ကိုင်ကာ ထီတိုက်နေလျှင် ဂျာအေးခမျာ ရင်တလှပ်လှပ် ခုန်နေတတ်သည်။ “ပေါက်ပြီကွ” ဟုအော်ရင်း ထများ ခုန်လေမလားဟု အဖေ့ကို မျက်တောင်မခတ် စိုက်ကြည့်ပြီး အကဲခတ်နေရတတ်သည်။ သို့သော် အဖေသည် တစ်ခါမျှ ထမခုန်ဖူးသေးပေ။ ထီလက်မှတ်လေးကို ပစ်ချကာ ခေါင်းခါသည်ကိုသာ တွေ့ရတတ်သည်။
“ဒီတစ်ခါလည်း မပါပြန်ဘူးကွာ” ဟူသော အသံကိုသာ ကြားရတတ်လေသည်။ အမေကမူ “ထီဆိုတာကြီးကိုလည်း စောင့်ပြီး ထိုးမနေချင်တော့ပါဘူးကွယ်။ တစ်နေ့တုန်းက ထီဆိုင်နား ရောက်သေးတယ်၊ ပိုက်ဆံထုတ်ပြီးမှ ငွေနှစ်ကျပ် အဆုံးမခံတော့ပါဘူး၊ ကလေးတွေဖို့ ရွှေဖရုံသီးမုန့် ဝယ်သွားတာက ပိုပြီးလက်တွေ့ကျသေးတယ်လို့ တွေးမိတာနဲ့ မုန့်ပဲ ဝယ်ခဲ့တယ်အစ်ကိုရေ” ဟု အဖေ့ကို ပြောနေသည်ကို ဂျာအေး ကြားခဲ့ရသေးသည်။
အဖေကတော့ “ဘယ်တော့ပေါက်မယ်တော့ မသိဘူး၊ ပေါက်တော့ ပေါက်မှာပေါ့ သမီးရာ” ဟု အားပေးတတ်လေသည်။
“အာ .. ဗူး”
အတွေးကောင်းနေသော ဂျာအေး၏ပေါင်ပေါ်သို့ မောင်ကလေးက ဖက်တက်ရင်း ဗှုးမှုတ်လိုက်သည်။ လက်ကလေးတစ်ဖက်ကို မြှောက်ရင်း ဂျာအေး၏မျက်နှာကို မမီမကမ်းနှင့် လှမ်းပြီးကုတ်ဆွဲသည်။
“ဟ ကောင်လေး၊ နာတယ်ဟ”
ဂျာအေးက မောင်လေးကို လှမ်းဖက်ကာ ပါးကိုနမ်းသည်။ နှပ်ချေးကြောင်းထင်နေသော ပါးပြင်သည် မမွှေးပျံ့နိုင်လှပေ။
“ဟင်း ... မွှေးလည်း မမွှေးဘူး၊ အလကား ချေးအိုးတုံးကလေး”
မောင်လေး၏နှာခေါင်းဝတွင် နှပ်တွေပြူကျနေသဖြင့် ဂါဝန်အနားလှန်ကာ သုတ်ပေးရင်း “မမကြီးကို ချစ်ရဲ့လား” ဟု မေးသည်။ မောင်လေးက သူ့မျက်နှာကို လှမ်းကုတ်သည်။ မမီတော့ ဆံပင်ကို လှမ်းပြီးဆုပ်ဆွဲလေသည်။
“အား... နာတယ်၊ နာတယ်၊ ဟောဒီမှာ အဖေရေ .. မောင်လေးကို ကြည့်ပါဦး”
ဂျာအေးက တအားအော်တော့ အိမ်နောက်ဖေးတွင် ကန်စွန်းရွက်သင်နေသော အဖေက ထွက်လာသည်။ တင်းတင်းဆုပ်ထားသော မောင်လေး၏လက်များကို ကူပြီး ဖြည်ပေးသည်။ မောင်လေးက မကျေမနပ်နှင့်အော်ငိုတော့ “ဟေ့ကောင်.. ငဆိုး၊ မင်း တော်တော်ဆိုးနော်” ဟု ကြိမ်းမောင်းရင်း တင်ပါးဖင်ပြောင်ကလေးကို ခပ်ဆဆရိုက်သည်။
“အဖေ့သား နို့ဆာနေပြီလားမှ မသိတာ”
“အေး .. ဆာရင်တော့ ငါ့နို့ပဲ စို့ခိုင်းရတော့မှာပဲ၊ အိမ်မှာလည်း နို့မှုန့်ကုန်နေပြီ”
အဖေက စိတ်တိုတောင်းစွာ ပြောသည်။ အိပ်ရေးပျက်သဖြင့် ချောင်ကျနေသောမျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုက အထင်းသားပေါ်နေသည်။
“ဒီလိုဆို အမေက အိမ်မှာပဲနေပြီး မောင်လေးကို နို့တိုက်နေပါလား၊ ဘာဖြစ်လို့ အလုပ်သွားလုပ်နေတာလဲ”
ညီမလေးက ရွှံ့ပေနေသောလက်ကို ဂါဝန်အနားနှင့် သုတ်လိုက်ရင်း အလိုက်ကန်းဆိုးမသိပြောတော့ အဖေ့မျက်နှာ ပိုပြီးညိုသွားသည်။