Рет қаралды 106,735
အထင်းသားမြင်နေရတဲ့ ခြေတုတစ်ဖက်နဲ့ မချွတ်တမ်းဆောင်းထားတတ်တဲ့ စစ်မှုထမ်းဟောင်းဦးထုပ်တစ်လုံးက သူ့ရဲ့ သင်္ကေတပါပဲ။ ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်းထောင့်ဝန်းကျင် သွားလာနေသူတွေကတော့ အဲဒီ ဦးမြင့်သောင်ဆိုသူကို သိကြပါတယ်။ အထူးသဖြင့်တော့ အဲဒီခြေတုတစ်ဖက်နဲ့ ဆိုက်ကားနင်းနေတဲ့ ဦးမြင့်သောင်ကို လူတွေက စိတ်ဝင်စား သတိထားမိနေကြတာပါ။
ပြည်တွင်းစစ်တစ်ခုမှာ ခြေတစ်ဖက်ကို ပေးဆက်လိုက်ရတဲ့ ဦးမြင့်သောင်ကတော့ အခုဆိုရင် စစ်တပ်က ပင်စင်ယူထားပီး ဆိုက်ကားနင်းနေတာ ၁၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက စစ်တပ်ထဲဝင်ရောက်နေပြီး၊ တိုက်ပွဲပေါင်း ၁၀၀ ကျော်မှာ တိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ ၁၉၈၈ ခုနှစ်အတွင်းက စစ်မြေပြင်တစ်ခုမှာ မိုင်းထိခဲ့ချိန်မှာတော့ သူ့ရဲ့ တပ်ကြပ်ဘ၀နဲ့ ဘယ်ဘက်ခြေတစ်ဖက်ကိုပါ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
တိုင်းပြည်အတွက် ခြေတစ်ဖက်စွန့်လွှတ်ခဲ့ရတဲ့ ဦးမြင့်သောင်ဟာ အခုတော့ မိသားစုဝမ်းရေးအတွက် ခြေအစုံကို အားပြုရတဲ့ ဆိုက်ကားသမားကြီး ဖြစ်နေပါပြီ။ စစ်တပ်က ထွက်ခါစက သူတို့မိသားစုအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပီး သားသမီး လေးယောက်နဲ့ နေထိုင်ဖို့တောင် ဒုက္ခရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
အရင် တပ်ထဲက ဗိုလ်မှူးဟောင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အောင်ဆန်းပုံနှိပ်စက်ရုံဝင်းမှာ လုပ်ကိုင်ခွင့်ရခဲ့တာမို့ သူတို့ မိသားစုအတွက် နေစရာ အဆင်ပြေခဲ့တာပဲ ဖြစ်ပါတယ်။
မနက်ဆို ဆိုက်ကားနင်း၊ ညဘက်ဆို ဂိုထောင်စောင့်လုပ်နေရပေမယ့်လည်း မိသားစုအတွက် ဦးမြင့်သောင်ဟာ မပင်ပန်းဘဲ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ဘ၀ကို ရှိတာလေးနဲ့ တင်းတိမ်နေပေမယ့် သူ့သမီးလေးကိုတော့ ပညာတက်ကြီး ဖြစ်စေချင်နေတာပါ။ ၂၀၂၀ ဆို သူရဲ့ ညဘက်ဂိုထောင်စောင့်အလုပ်က ပင်စင်ယူရတော့မှာ ဖြစ်ပါတယ်။ ပင်စင်ရပြီဆိုရင် သူတို့ နေဖို့အတွက် သူထပ်ပီး ရုန်းကန်ရအုံးမှာပါ။
ဦးမြင့်သောင်ရဲ့ အိပ်မက်က အိမ်ကလေးတစ်လုံးရဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လတိုင်းထီထိုးရင်း မျှော်လင့်ချက်တွေနဲ့အတူ လက်တွေ့ဘဝမှာတော့ ဆိုက်ကားတစ်စီးနဲ့ ရုန်းကန်ရင်းပေါ့။
ရုပ်သံသတင်းထောက် - အောင်မျိုးထွန်း၊ ယဉ်မွန်