Рет қаралды 239
#ပန်းလက်ဆောင်
ရှိရှိသမျှ ပွင့်ချပ်နဲ့ စွမ်းစွမ်းသမျှဖုံးဖိလို့
တို့ကာရံထားလို့ ပေးပါ့မယ်
#အဉ္ဇလီမောင်မောင် ရေးပြီး ၁၉၈၆-၈၈ခုနှစ်လောက်က #ဂျက်မြသောင်း ဆိုထားတဲ့ သီချင်းလေးပါ။
အဉ္ဇလီမောင်မောင်ဟာ အလွန်ကြိုက်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ သူ့သံစဉ်ဟာ ချိုသာရုံမက သူ့စာသားလေးတွေဟာ အင်မတန်မှ လှပပါတယ်။
ပန်းလက်ဆောင်ဆိုတဲ့သီချင်းထဲမှာ ကာယံညီတဲ့ "နေချည်နုထွေး" နဲ့ "ငွေရည်ဉလေး" ကိုလှပစွာသုံးထားပြီး၊ ရှိရှိသမျှ စွမ်းစွမ်းသမျှ လင်းလုလု လန်းလန်းဆန်း ဆိုတဲ့ ၂လုံးထပ် အသုံးအနှုံး တွေဟာ အရမ်းလှပြီး သံစဉ်နဲ့ ကိုက်လှပါတယ်။ အဉ္ဇလီမောင်မောင်ဟာ ဒီလို ၂လုံးထပ်စာလုံးများကို သူ့သီချင်းတွေထဲမှာ သုံးလေ့ရှိပါတယ်။ ဉပမာ တစိမ့်စိမ့်ရင်ထဲမယ် ဆိုတဲ့သီချင်းထဲမှာဆို ကလေးလေး တရေးရေး တစိမ့်စိမ့် တငွေ့ငွေ့ စသည်ဖြင့် သုံးခဲ့ပါတယ်။
ဒီသီချင်းထဲမှာ "ရှိရှိသမျှ" ကို၂ခါပြန်သုံးထားတာသင့်မြတ်ပေမယ့် ပိုပြီးကဗျာဆန်သွားအောင် "ရှိရှိသမျှမွှေးရနံ့" အစား "သင်းသင်းကဲမွှေးရနံ့" လို့ပြောင်းဆိုထားပါတယ်။ အဓိပ္ပါယ်တော့ နည်းနည်းပြောင်းသွားတယ်ခံစားမိပါတယ်။ နဂိုက သိပ်မရှိတရှိထဲကနေ ရှိရှိသမျှ မွှေးရနံ့ လို့ခံစားရပေမည့် အခု လွန်ကဲအောင်သင်းနေတဲ့ မွှေးရနံ့ လို့ခံစားရပါတယ်။ ဒီစာလုံးတွေဟာ ကင်းဝန်မင်းကြီးရေးတဲ့ ရာသီမသိပန်းနဲ့ညှိ ဆိုတဲ့ကဗျာထဲက "သင်းထုံနံ့ကဲ" ဆိုတဲ့စာသားလေးကို ကိုးကားထားတာပါ။ ကြိုက်နှစ်သက်မယ် မျှော်လင့်ပါတယ်။