Рет қаралды 11,190
အညာသားများ အညာကို အလွမ်းဆုံးအချိန်မှာ ဆောင်းရက်တို့ကြွေ၍ နွေရွက်တို့သစ်ကာစ နွေဦးပေါက်ရာသီဖြစ်သည်။
နေ့တာက မတိုလွန်း မရှည်လွန်း။ ညများက မပူလွန်း မအေးလွန်း။ ရွက်ဝါတို့က တဖြုတ်ဖြုတ်ကြွေကျ၍ ရွက်နုတွေ ဝေကာစ။ ကြည့်လေရာတွင် မြူတွေက ဝိုင်းလျက်။ အညာနွေဦးပေါက်က မြူဆိုင်းပုံသည် ရန်ကုန်က မြူဆိုင်းပုံနှင့်လည်း မတူ။ ရှမ်းပြည်မှာလို ဆောင်းဦးနှင့် မြူတို့ထွေး၍ မှိုင်းနေပုံမျိုးမဟုတ်။ တစ်မျိုးတစ်ဘာသာ ဖြစ်ပါသည်။
အညာနွေတွင် ပွင့်သည့်ပန်းတို့ကလည်း စုံပါသည်။ တမာနံ့က သင်းသင်း။ အင်ကြင်းက နီနီ။ သရဖီက မွှေးမွှေး။ အဆင်းမှာရော အနံ့မှာပါ တစ်မျိုးနှင့် တစ်မျိုး မတူကြ။ တမာသင်းပုံက အနည်းငယ်ရိုင်းသည်။ အင်ကြင်းပွင့်ရနံ့က မယဉ်မရိုင်း။ သရဖီကမူ ယဉ်ယဉ်နှင့်မွှေးသောရနံ့ဖြစ်သည်။ ရွက်ဝါလည်းကြွေ၊ မြူခြေလည်းဆိုင်း၊ ပန်းတိုင်းလည်းပွင့်ကြသောကြောင့် အညာနွေကို အညာသားများ လွမ်းကြဟန်တူပါသည်။
"နွေချိန်ခါ၊ နွေမိလ္လာ ပြာရီရောပါလို့၊ ဥဩတွေ တွန်သံချီတော့" ဟူသော ကဗျာမျိုးကို ကွန့်မြူးနိုင်အောင် လှုံဆော်ပေးလိုက်သည့် ပတ်ဝန်းကျင်မှာ အညာသားတို လွမ်းလေ့ရှိသော အညာနွေဦးပေါက်ပင် ဖြစ်ပါလိမ့်မည်။
#ပုံတောင်ပုံညာသွားတောလား #မြသန်းတင့် #dohkhitchannel