Рет қаралды 37,449
လက်ရှိ အချိန်ထိ စကြာဝဠာ တွင်းမှာ ရှာတွေ့ပြီးသမျှ ရပ်ဝန်းတွေ ထဲမှာ အအေးဆုံး အရပ်ဒေသကို ပြပါဆိုရင် ဘူးမရန်း နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီး (Boomerang Nebula) ကို ပြရမှာ ဖြစ်ပါတယ်။ ဒီ ဘူးမရင်း နက်ဗြူလာရဲ့ အပူချိန်ဟာ စကြဝဠာရဲ့ နောက်ခံ အပူချိန် ဖြစ်တဲ့ (cosmic microwave background) ထက်တောင်မှ ပိုပြီး အေးနေပါသေးတယ်။
ဒီ နက်ဗြူလာ ဓါတ်ငွေ့ တိမ်တိုက် ကြီးဟာ ကမ္ဘာက နေဆို အလင်းနှစ် ၅,၀၀၀ ခန့် ဝေးတဲ့ အရပ်မှာ တည်ရှိပါတယ်။ သူ့ကို ရှာတွေ့ ခဲ့တာက ဩစတြေးလျ နက္ခတ် ပညာရှင် နှစ်ဦး ဖြစ်ပါတယ်။ သူတို့က ဒီ နက်ဗြူလာဟာ ဩစတြေးလျက ဌာနေ တိုင်းရင်းသားတွေ သုံးတဲ့ လက်နက် တစ်မျိုး ဖြစ်တဲ့ boomerang နဲ့ တူတယ် ဆိုပြီး ဒီနာမည် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ရိုက်ကူးတဲ့ ဓါတ်ပုံတွေ မှာတော့ ဒီ နက်ဗြူလာဟာ ဘူးမရင်း ပုံ မဟုတ်ပဲ hour glass ခေါ် သဲနာရီပုံ ဖြစ်နေတာကို တွေ့ကြရပါတယ်။ သို့ပေမယ့်လဲ မူလ နာမည် ဘူးမရင်း လို့ပဲဆက်ပြီး ခေါ်ခဲ့ ကြပါတယ်။
ဒီ Boomerang Nebula ရဲ့ ကတော့ နှစ်ဖက်စွန်း အကွာအဝေးဟာ အလင်းနှစ် ၂ နှစ်လောက် ကွာဝေးပါတယ်။ဆိုလိုတာက ဒီ ကတော့ရဲ့ တဖက်စွန်း ကနေ အခြား တဖက်စွန်းကို အလင်းရောင် ရောက်ဖို့ အချိန် ၂ နှစ်တောင် ကြာမှာ ဖြစ်ပါတယ်။ ဒီ အကွာအဝေးကို အကြမ်းဖြင်း ပြောရရင် ကျွန်တော်တို့ နေနဲ့ အနီးဆုံး ကြယ်ဖြစ်တဲ့ Proxima Centauri ကြယ်နဲ့ ကမ္ဘာဟာ အလင်းနှစ် ၄ နှစ်ကျော် ကွာဝေးပါတယ်။ ဒါ့ကြောင့် နေနဲ့ Proxima Centauri ကြားထဲမှာ အခု Boomerang Nebula နှစ်ခု ဝင်ဆန့်မှာ ဖြစ်ပါတယ်။
ဘူးမရင်း နက်ဗြူလာဟာ planetary nebula (ဂြိုဟ် နက်ဗြူလာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီ နက်ဗြူလာ အမျိုးအစားဟာ ကြယ်တစ်စင်းရဲ့ နောက်ဆုံး ရုပ်ကြွင်းလဲ ဖြစ်ပါတယ်။
ကြယ်တွေဟာ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့ကို အဏုမြူ ဓါတ်ပြု လောင်ကျွမ်းပြီး စွမ်းအင် အဖြစ် ထုတ်လွှတ် ပေးပါတယ်။ လောင်ကျွမ်းစရာ လောင်စာတွေ ကုန်သွားတဲ့ အခါ ကြယ်ရဲ့ အူတိုင်ဟာ တည်ငြိမ်မှု ပျက်ပြား သွားတဲ့ အတွက် ကြယ်ရဲ့ အပြင် အကာအလွှာဟာ အာကာသ ထဲကို ပေါက်ကွဲပြီး ထွက်သွားပါတယ်။
ဒီလို ပေါက်ကွဲပြီး ဖြစ်ပေါ်လာတဲ့ နက်ဗြူလာ တွေဟာ အများအားဖြင့် ဂြိုဟ်တစ်စင်း ပုံ လုံးလုံး ဝိုင်းဝိုင်း ပုံစံ တွေ့ရ တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို planetary nebula တွေလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ (planet ခေါ် ဂြိုဟ် နဲ့ ဘာမှ သက်ဆိုင်ခြင်း မရှိပါဘူး၊ တင်စားပြီး ခေါ်တာသာ ဖြစ်ပါတယ်။)
ဒါပေမယ့် အခု ဘူးမရင်း နက်ဗြူလာ ကတော့ ထူးထူး ဆန်းဆန်း လုံးဝန်းတဲ့ ပုံသဏ္ဍာန် မရှိပဲ သဲနာရှိလို ပုံစံ ဖြစ်နေပါတယ်။ နောက်ပြီး ဒီ နက်ဗြူလာ ကနေ မြောက်များလှ စွာသော အက်တမ်တွေကို အလွန် လျင်မြန်တဲ့ အလျင်နဲ့ မှုတ်ထုတ် နေပါတယ်။ ဒီလို မှုတ်ထုတ်နေတာ အနည်းဆုံး နှစ် ၁,၅၀၀ လောက် ရှိခဲ့ပြီလို့ ခန့်မှန်း ကြပါတယ်။ ဒီ နှစ် ၁၅၀၀ လောက် အတွင်းမှာ သူ မှုတ်ထုတ်ခဲ့တဲ့ အက်တမ် တွေရဲ့စုစုပေါင်း ဒြပ်ထု ပမာဏဟာ ကျွန်တော်တို့ နေ ၁ စင်း ခွဲခန့် ပမာဏ ရှိမယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။
ဒီ နက်ဗြူလာရဲ့ အပူချိန်ကို ၁၉၉၅ ခုနှစ်က ပထမဆုံး တိုင်းတာခဲ့တာ ဖြစ်ပါတယ်။ ဒီ တိုင်းတာမှုကို ဆွီဒင် နက္ခတ် ပညာရှင် နှစ်ဦးက တောင်အမေရိကတိုက် ချီလီ နိုင်ငံမှာ ရှိတဲ့ Swedish ESO Submillimetre Telescope နဲ့ တိုင်းတာခဲ့တာ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာရဲ့ အပူချိန်ဟာ 1 Kelvin ပဲ ရှိတာ သွားတွေ့ ရပါတယ်။ ဒါဟာ ရေခဲမှတ်အောက် အမှုန် ၂၇၂ ဒီဂရီ စင်တီဂရိတ် အပူချိန် ဖြစ်ပြီး absolute zero temperature ထက် ၁ ဒီဂရီပဲ ပိုမြင့်ပါတယ်။ ဒီ အပူချိန်ဟာ စကြာဝဠာရဲ့ နောက်ခံ အပူချိန် ဖြစ်တဲ့ 3 Kelvin ထက်တောင်မှ ပိုနိုမ့်နေပါတယ်။
ဒီ နက်ဗြူလာကနေ မြောက်များလှ စွာသော ဓါတ်ငွေ့ အက်တမ်တွေကို အရှိန်အဟုတ်နဲ့ မှုတ်ထုတ် နေတယ် ဆိုတာကို အပေါ်မှာ ပြောခဲ့ပါတယ်။ ဒီလို မှုတ်ထုတ်တဲ့ အရှိန်ဟာ တစ်နာရီကို ကီလိုမီတာ ၅ သိန်းနှုန်းနဲ့ မှုတ်ထုတ်နေတာ ဖြစ်ပါတယ်။
ဒီ အချက်ဟာ ဘူးမရင်း နက်ဗြူလာ ဘာ့ကြောင့် စကြာဝဠာ ထဲမှာ အအေးဆုံး နေရာ ဒေသ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ကနေ ဒီလို အက်တမ်တွေ အရှိန်ပြင်းပြင်း နဲ့ အမြောက်အများ မှုတ်ထုတ်နေ တာမို့ ဒီ နက်ဗြူလာရဲ့ အရွယ်အစားဟာလဲ အလွန် လျင်မြန်စွာ ကြီးထွား ပြန့်ကားလို့ လာနေပါတယ်။ ဒီလို အလျင်အမြန် ပြန့်ကား လာတဲ့ အတွက် သူ့ရဲ့ အပူချိန် ကလဲ လျင်မြန်စွာ ကျဆင်း သွားပါတယ်။ (ဓါတ်ငွေ့တွေ ပြန့်ကားလာရင် သူတို့ရဲ့ အပူချိန်ဟာလဲ ကျဆင်း လာပါတယ်။ Air con ဟာ ဒီ သဘောတရားကိုပဲ အသုံးပြု ထားတာ ဖြစ်ပါတယ်။ )
ဒီနေရာမှာ နက်ဗြူလာရဲ့ အအေးလှိုင်း လွှမ်းခြုံတဲ့ ရပ်ဝန်းဟာ အခု မြင်ရတဲ့ နက်ဗြူလာ ဖန်ကတော့ပုံ နှစ်ခုထက် ၁၀ ဆ လောက် ပိုပြီး ကြီးပါတယ်။ အခုပုံမှာ အပြာရောင် ရေးရေးလေး မြင်ရတာသည် ဒီ အအေးလှိုင်းတွေ လွှမ်းခြုံနေတဲ့ နေရာရပ်ဝန်း ပဲ ဖြစ်ပါတယ်။