Рет қаралды 17,192
"မင်းကင်းမြို့မတောရွာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့အသေအပျောက်များ ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် ရွှေဈေးကွက် အရောင်းအဝယ်ရပ်တန့် ၊ ကရင်နီမှာ စစ်တပ်လက်ချက်နဲ့အရပ်သား ၅၀၀ ကျော်သေဆုံးခဲ့၊ အိန္ဒိယရွေးကောက်ပွဲနောက်ဆုံးနေ့မှာ အပူချိန်ကြောင့် မဲရုံဝန်ထမ်း ၃၃ ဦးသေဆုံး"
People's Spring | ဒီကနေ့အတွက် သတင်းတိုထွာ (ဇွန် − ၃ ၊ ၂၀၂၄)
ဒီနေ့ ဇွန် ၃ ရက်မှာဖြစ်ပွားခဲ့တဲ့သတင်းတွေထဲက အချို့ကို ကောက်နှုတ် တင်ဆက်သွားမှာဖြစ်ပါတယ်။
မင်းကင်းမြို့ တောမရွာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့အသေအပျောက်များ
စစ်ကိုင်းတိုင်း ၊မင်းကင်းမြို့နယ် နဲ့ ချင်းတွင်းမြစ်သာ ခြားတဲ့မတောရွာ မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်တဲ့ မင်္ဂလာဆောင် ကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ပါတယ်။
မနက် ၈ နာရီခွဲအချိန်မှာ မင်္ဂလာဆောင် ကို စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှု မပြုလုပ်ခင် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ကင်းထောက်တာတွေ ရှိခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။
" မလုပ်လောက်ဘူးထင်ပြီး သတိမမူမိကြတာ ၊ ထိတ်လန့်စရာကောင်းတယ် ၊အသေအပျောက်များတယ်" လို့လည်းပြောပါတယ်။
ဗုံးကြဲခံရတဲ့ မင်္ဂလာဆောင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သတို့သားအပါအဝင် ၇. ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူ သတင်းရင်းမြစ်ရဲ့ပြောပြချက်ကို ကိုးကားပြီး Myanmar Now မီဒီယာက ဖော်ပြထားပါတယ်။
မတောရွာ နဲ့ မင်းကင်းမြို့ဟာ ချင်းတွင်းမြစ်သာခြားပြီး လက်နက်ကြီး တစ်ကမ်းစာ အကွာအဝေး တွင်းမှာရှိတယ်လို့သိရပါတယ်။ မင်းကင်းမြို့ပေါ်မှာတော့ စစ်ကောင်စီတပ် နယ်မြေစိုးမိုးထားပါတယ်။
= = =
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် ရွှေဈေးကွက် အရောင်းအဝယ်ရပ်တန့်
ပြည်တွင်း နာမည်ကြီးရွှေလုပ်ငန်းရှင်အချို့ကိုဖမ်းဆီးမယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက်မှာ ဈေးကွက်ထဲမှာ အရောင်းအဝယ် ရပ်တန့်သွားတာကို စုံစမ်းသိရပါတယ်။
စစ်ကောင်စီက ရွှေဆိုင်ပိုင်ရှင် ၅ ဦး ၊ ရွှေသန့်စင် လုပ်ငန်းရှင် ၂ ဦးနဲ့ ရွှေကုန်သည် ၃ ဦးကို ရွှေဈေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးမယ်လို့ မနေ့ညပိုင်းက ကြေညာလိုက်ပါတယ်။
ရွှေဈေးမြင့်တက်လာချိန်မှာ ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို ကနဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး သူတို့ရဲ့ထွက်ဆိုချက်အရ ရွှေဈေး မြင့်တက်အောင် နောက်ကွယ်ကနေ လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ နာမည်ကြီးရွှေလုပ်ငန်းရှင်တွေကို ဖမ်းဖို့ ကြေညာလာတာပါ။
ဖမ်းဆီးမယ်လို့ကြေညာခံရသူတွေထဲမှာ အောင်သမာဓိ ၊ ဇွဲထက် ၊ ဝိန့်စိန် ၊ အကယ်ဒမီတို့လို့ နာမည်ကြီး ရွှေလုပ်ငန်းပိုင်ရှင်တွေ ပါဝင်ကြတာတွေ့ရပါတယ်။
အဲဒီရွှေလုပ်ငန်းရှင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ဒီလို အဖမ်းအဆီးသတင်းကြောင့် ဒီနေ့မှာဆိုရင် ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်အချို့ ဒီနေ့မှာ ပိတ်ထားတာရှိလာတယ်လို့သိရပါတယ်။
ရန်ကုန်မြို့ ကရွှေဆိုင်အချို့ကို ဆက်သွယ်မေးမြန်းရာမှာ ရွှေအရောင်းပိတ်ထားတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
ဒီလိုအခြေအနေမှာ ရွှေဈေးဟာလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ဒီနေ့ညနေပိုင်း ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၁ သိန်းခွဲ ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာတော့ ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ နီးပါး ထိရှိသွားခဲ့တာပါ။
= = =
ကရင်နီမှာ စစ်တပ်လက်ချက်နဲ့အရပ်သား ၅၀၀ ကျော်သေဆုံးခဲ့
အာဏာသိမ်းကာလအတွင်း ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ စစ်တပ်လက်ချက်နဲ့ အရပ်သား ၅၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF) က ဒီနေ့မှာစာရင်းဖော်ပြပါတယ်။
အရပ်သားသေဆုံးမှုတွေဟာ အကြောင်းမဲ့ပစ်သတ်ခံရတာ ၊ လက်နက်ကြီး ၊လက်နက်ငယ် ထိမှန်တာ၊ လေကြောင်းတိုက်ခိုက်ခံရတာ ၊ မိုင်းနင်းမိတာ ကြောင့် အများဆုံးဖြစ်တာကို PKPF ရဲ့စာရင်းအရသိရပါတယ်။
ပစ်သတ်ခံရတာ နဲ့ လက်နက်ကြီး ၊လက်နက်ငယ် ထိမှန်လို့ သေဆုံးရသူဦးရေဟာအများဆုံးဖြစ်ပြီး ၄၀၀ ကျော်ထိရှိဃဲ့ပါတယ်။
အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ မြို့တွေကတော့ လွိုင်ကော်မှာ ၁၈၀ ဦး ၊ ဒီမော့ဆိုမှာ ၁၂၃ ဦးနဲ့ ရှမ်းပြည်တောင်ပိုင်းမှာပါဝင်ပြီး ရှမ်း −ကယားအစပ်က ဖယ်ခုံမြို့မှာ ၁၁၃ ဦးတို့ဖြစ်ကြပါတယ်။
ဖရူဆို ၊ ဘောလခဲ ၊ ဖားဆောင်း ၊ ရှားတောနဲ့ မယ်စဲ့မြို့တွေမှာလည်းစစ်တပ်လက်ချက်နဲ့အရပ်သားသေဆုံးမှုတွေရှိခဲ့ပါတယ်။
= = =
အိန္ဒိယရွေးကောက်ပွဲနောက်ဆုံးနေ့မှာ အပူချိန်ကြောင့် မဲရုံဝန်ထမ်း ၃၃ ဦးသေဆုံး
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနေချိန်ကာလအတွင်း ပြင်းထန်တဲ့ အပူချိန်ကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်အတွင်းသေဆုံးသူ အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနောက်ဆုံးရက်တစ်ရက်တည်းမှာတင် ဥတ္တရာ ပရာဒက်ရှ် ပြည်နယ် မြောက်ပိုင်းမှာ မဲရုံဝန်ထမ်း ၃၃ ဦးသေဆုံးခဲ့ရတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ တာဝန်ရှိသူက ပြောပါတယ်။
ဒါဟာ ရွေးကောက်ပွဲကာလအတွင်း အပူချိန်မြင့်တက်လာချိန်မှာ တစ်ရက်တည်းမှာတင်ပဲ မဲရုံဝန်ထမ်းဒါဇင်နဲ့ချီပြီး သေဆုံးမှုလည်းဖြစ်ပါတယ်။
သေဆုံးသွားတဲ့ မဲရုံဝန်ထမ်းတွေရဲ့ကျန်ရစ်သူမိသားစုဝင်တွေ ကို နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၈,၀၀၀စီ ထောက်ပံ့မယ်လို့သိရပါတယ်။
ပြင်းထန်တဲ့အပူချိန်ကြောင့် ရေဓာတ် ခြောက်ခမ်းလာရင် သွေးပျစ်လာကာ ကိုယ်တွင်း အင်္ဂါတွေ ဆောင်ရွက်မှု ရပ်တန့်သွားပြီး သေဆုံးရတာလို့ ကျွမ်းကျင်သူကတွေမှတ်ချက်ပြုထားပါတယ်။
နိုင်ငံရဲ့အနောက်မြောက်ဘက်ခြမ်း နဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန် ဟာ ၄၂ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ခဲ့တယ်လို့ အိန္ဒိယ မိုးဇလ က ဆိုထားပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring