Рет қаралды 1,662
ပထမဆုံး အပိုင်း(၁) အနေနဲ့ ကွမ်တမ် ကွန်ပျူတာ ( Quantum Computer )က ဘာတွေ ပြောင်းလဲပေးလာနိုင်မလဲ ဆိုတဲ့ အချက်ကို တင်ပြရမှာဖြစ်ပါတယ်။ ဒီ ကွမ်တမ် ကွန်ပျူတာက ဘာတွေပြောင်းလဲနိုင်မလဲဆိုတာကို သိပ္ပံပညာရှင်တွေ မှတ်ချက်ပေးထားတဲ့ နယ်ပယ်တွေ အများကြီးရှိပါတယ်။ ဥပမာ မိုးလေဝသခန့်မှန်းတဲ့ နယ်ပယ်တွေ၊ ဆေးပညာသုတေသန နယ်ပယ်တွေ၊ supply-chain အခန်းကဏ္ဍတွေ၊ finance တွက်ချက်တာတွေ၊ နောက်ပြီး သတ္တုဗေဒ လေ့လာတဲ့ နယ်ပယ်တွေမှာ အဆပေါင်းများစွာ အသုံးဝင်လာလိမ့်မယ်လို့ မှတ်ချက်ပေးထားကြပါတယ်။
ဒီနေရာမှာ သိပ္ပံပညာရှင်တို့ ကလည်း မှတ်ချက်ပေးတယ် ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်နိုင်ချေရှိတယ်လို့ ယူဆ ရတဲ့ နယ်ပယ်တစ်ခု ကို ဒီကနေ့ အဓိက ပြောပြပေးချင်ပါတယ်။ အဲ့တာကတော့ Cryptography လို့ခေါ်တဲ့ စကားဝှက်နည်းပညာနယ်ပယ်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်အရင်ကလည်း Cryptography နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ခဲ့ဖူးပါတယ်။ အင်တာနက်ဆိုတာ open network တစ်ခုဖြစ်တာကြောင့် ဒီကွန်ယက်ပေါ်မှာ သတင်းအချက်အလက်တွေ တစ်ယောက်နဲ့ တစ်ယောက် ပေးပို့ရာမှာ cryptography မသုံးထားရင် လူတိုင်းက ဝင်ကြည့်လို့ရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ သာမန် သတင်းအချက်အလက်များက ဒီလို့ ကြည့်လို့ရနေတာ ကိစ္စမရှိပေမဲ့ တချို့သော ကိစ္စရပ်များ ဥပမာ ဘဏ်အကောင့် password တို့ ဘာတို့လို အရေးကြီး အချက်အလက်တွေ၊ လျှို့ဝှက် သတင်းစကားတွေကို ဒီလို ဝင်ကြည့်နိုင်နေရင် ပြဿနာရှိပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ Cryptography နည်းလမ်းပေါင်းစုံ ရှိလို့နေပါတယ်။
လက်ရှိ Cryptography နည်းလမ်းတွေ ကို လူတွေဘာကြောင့် အသုံးပြုနေကြသလဲဆိုရင် ဒီ Cryptography နည်းလမ်းတွေဟာ လက်ရှိ သုံးနေတဲ့ကွန်ပျူတာတွေရဲ့ အစွမ်း နဲ့ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တဲ့ သင်္ချာပုစ္ဆာတွေနဲ့ ကာကွယ်ထားလို့ ပဲဖြစ်ပါတယ်။ သာမန်ကွန်ပျူတာတစ်လုံးဖြေရှင်းမယ်ဆိုရင် နှစ်ပေါင်း ထောင်သောင်းမက ကြာနိုင်တဲ့ ပုစ္ဆာတွေလည်းပါပါတယ်။ အကယ်၍သာ Quantum ကွန်ပျူတာတွေပေါ်လာခဲ့ရင် ဒါတွေကို အချိန်တိုတိုအတွင်းမှာ အမြန်ဆုံးဖြေရှင်းလာနိုင်ပါလိမ့်မယ်။ ဒါကြောင့် cryptography လောကမှာ SNDL (Store-Now-Decrypt-Later) လို့ခေါ်တဲ့ စကား ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ အဓိပ္ပာယ်က တော့ လက်ရှိမှာ အင်တာနက်ပေါ် မှာရသမျှ အချက်အလက်တွေကို စုဆောင်းထားပါ။ နောက်မှ အနာဂါတ်မှာ ပေါ်လာမယ့် ကွန်ပျူတာနဲ့ စကားဝှက်ဖော်ကြမယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။
မိတ်ဆွေစဥ်းစားကြည့်ပါ။ အကယ်၍ ဒီစကားဝှက်တွေကို Quantum Computer က ဖြေရှင်းနိုင်မယ်ဆိုရင် အဲ့ဒီ ကွမ်တမ်ကွန်ပျူတာ ကို ပိုင်ဆိုင်းထားတဲ့ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံမဆို ကမ္ဘာ့စီးပွားရေး နိုင်ငံရေး နယ်ပယ်တွေ အလယ်မှာ အချက်အချာ ကျလာမယ်ဆိုတာ မလွဲဧကန်ပဲဖြစ်ပါတယ်။
ဒါက ကျွန်တော် သိတဲ့ ကွမ်တမ်ရဲ့ သက်ရောက်နိုင်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ တခြားသောနယ်ပယ်တွေမှာလည်း ထိုနည်းတူ ပြောင်းလဲမှုတွေကြီးကြီး မားမား ပေးနိုင်မယ်ဆိုတာလည်း သေချာပါတယ်။
ဒီတော့ အပိုင်း (၂) အနေနဲ့ ဒီ ကွမ်တမ်ကွန်ပျူတာက လက်ရှိ ကွန်ပျူတာတွေနဲ့ ယှဥ်ရင် ဘာတွေကွာခြားနေတာလဲဆိုတဲ့ အပိုင်းကို ဆက်လက်တင်ပြပေးပါ့မယ်။ လက်ရှိကွန်ပျူတာတွေဟာ Bits လို့ခေါ် 1s & 0s တွေအပေါ်ကို မူတည်ပြီး တွက်ချက်မှုတွေဆောင်ရွက်တာဖြစ်ပါတယ်။ Transistor တွေကို အသုံးပြုပြီး Logic Gate တွေ ၊ Circuit တွေကို တီထွင်ပြီး မီးရရင် 1 မီးမရရင် 0 ဆိုတော့သဘောတရားအပေါ်ကို အခြေခံထားတာပါ။
ခုကျွန်တော်တို့ရဲ့ ကွမ်တမ်ကွန်ပျူတာသည် bits အစား Qubits လို့ ခေါ်တဲ့ Quantum bits များကို အသုံးပြု တွက်ချက်မှာဖြစ်ပါတယ်။ bits ဆိုတာ အကြွေပြားစေ့ တွေလို့ မျက်လုံးထဲမှာ သက်မှတ်ထားကြမယ် ဆိုကြပါစို့ဗျာ။ ခေါင်းဆို 1, ပန်းဆို 0 ဒီလိုတိတိကျကျ ကြွေပြားစေ့ တစ်စေ့ကို သတင်းအချက်အလက် တစ်ခုသာပေးနိုင်တာပဲဖြစ်ပါတယ်။ Quantum Bits (Qubits) ကျတော့ ဒီလိုမဟုတ်တော့ဘူးဗျ။ ခေါင်းနဲ့ ပန်း 1s & 0s အခြေအနေအပြင် superposition လို့ခေါ်တဲ့ အခြေအနေတစ်ခု ရှိလာပါတယ်။ အဲ့တာကတော့ ခေါင်းကျနိုင်ချေ နဲ့ ပန်းကျနိုင်ချေတွေကို ဖော်ပြပေးခြင်းမျိုးဖြစ်ပါတယ်။
Superposition ကို နားလည်ဖို့အတွက် Erwin Schrodinger ရဲ့ အတွေးစမ်းသပ်ချက်တစ်ခုနဲ့ အရင်ဆုံးမိတ်ဆက်ပေးကြည့်ချင်ပါတယ်။ သူ့ရဲ့ စမ်းသပ်ချက်က မမြင်ရတဲ့ ပုံးလေး တစ်ပုံးထဲမှာ ကြောင်တစ်ကောင်ကို 50% သေစေနိုင်တဲ့ radio သတ္တိကြွ အရာတစ်ခုနဲ့ အတူ ပိတ်ထားမယ်ဆိုကြပါစို့ဗျာ။ အဲ့တော့ ဒီ ပုံးလေးကို သွားဖွင့်တဲ့အခါမှာ ကြောင်လေးသည် အသက်ရှင်လျှက်လည်း တွေ့ရနိုင်သလို သေလျှက်လည်း တွေ့ရနိုင်ပါတယ်။ ဖွင့်လိုက်ရင်တော့ သေနေလားရှင်နေလားဆိုတာ သိရမှာပါ။ သို့သော် မဖွင့်ရသေးခင်စပ်ကြားမှာ ဒီကြောင်လေးဟာ 50% အသက်ရှင်နေပြီးတော့ 50% သေနေတဲ့ ကြောင်တစ်ကောင်ဖြစ်လို့နေပါတယ်။ ဒါကို superposition state လို့ခေါ်တာပဲဖြစ်ပါတယ်။
ထိုနည်းတူ Quantun bits တွေမှာလည်း superposition ခြေနေဆိုတာရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီ အကြွေစေ့လေးတွေကို ဖွင့်မကြည့်ခင်အထိ သူတို့မှာ ခေါင်းလည်း ဖြစ်နိုင်သလို ပန်းလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ဂုဏ်သတ္တိတွေရှိလို့နေပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဥပမာပေးဖို့ ကျွန်တော် အကြိုက်နှစ်သက်ဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲ့တာကတော့ ဝင်္ကပါ ဥပမာပဲဖြစ်ပါတယ်။ ဝင်္ကပါ တစ်ခုမှာ ဝင်ပေါက် ၅ ခုရှိတယ်ဆိုကြပါစို့ဗျာ။ လက်ရှိ classical ကွန်ပျူတာတွေအသုံးပြုနေတဲ့ bit သည် မောင်မောင်ဆိုပါစို့။
မောင်မောင်သည်ဝင်ပေါက်တစ်ခုအရင်ဝင်မယ်…လမ်းအဆုံးရောက်လားမရောက်လားကြည့်မယ်။ မရရင်ပြန်ထွက်လာမယ်။ နောက်တစ်ပေါက် ကို ထပ်စမ်းမယ်။ ဒီလိုမျိုး စမ်းကြည့်ပြီးမှ ဘယ်လမ်းက ဝင်္ကပါ ရဲ့အဆုံးကို ရောက်နိုင်မလဲဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။ ဟုတ်ပြီ ဒါက ရိုးရိုး bits။
K.Y.Lynn