Рет қаралды 3,453
အားလုံးပဲမင်္ဂလာပါ။ k2k ရဲ့ နိုင်ငံရေးကဏ္ဍကို ပြန်လည်ပြီးရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော့် blog လေးမှာ subscribe လုပ်ထားသူများရဲ့ ၄၅ ရာနှုန်းလောက်ဟာ နိုင်ငံရေး အကြောင်းအရာလေးတွေကို စိတ်ဝင်စားသူများဖြစ်ကြပါတယ်။ ဒီလိုအားပေးသူများတဲ့ ကဏ္ဍအတွက် ဒီတစ်ခါ အားလုံးလည်း ဗဟုသုတရနိုင်မယ့်အပြင် နိုင်ငံရဲ့ သမိုင်း ကိုလည်း ရှုထောင့်တစ်မျိုးကနေ တွေးလို့ရနိုင်မယ့် ခေါင်းစဥ်လေးတစ်ခုကို ရွေးချယ်ထားပါတယ်။ ဒါ့အပြင် ဒီတစ်ပတ်မှာကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့ကိုလည်း ဂုဏ်ပြုတဲ့သဘောလည်း သက်ရောက်စေမှာ ဖြစ်တာကြောင့် ရွေးချယ်ခဲ့ခြင်း လည်းဖြစ်ပါတယ်။ ခေါင်းစဥ်လေးရဲ့ နာမည်ကတော့ မြန်မာ့လွတ်လပ်ရေးနေ့ အပေါ် အင်္ဂလိပ်တို့အမြင် ပဲဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကို တင်ဆက်ဖို့ ကျွန်တော် အဓိက ဖတ်ရှုထားတဲ့ စာတမ်း (၃) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ နံပါတ် (၁) ဂျပန်တွေထွက်ခွာသွားပြီး အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ အင်္ဂလိပ်တို့ ကြိုးပမ်းခဲ့တဲ့ မြန်မာခေါ် စက္ကူဖြူစီမံကိန်း သို့မဟုတ် White Paper လို့ခေါ်တဲ့ စာတမ်းမှာတင်ပြထားတဲ့စီမံကိန်းပဲဖြစ်ပါတယ်။
နံပါတ် (၂) ဖတ်ခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ Richard Attlee တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ် ဖြစ်ပြီးတော့
နံပါတ် (၃) အနေနဲ့ နောက်ဆုံးဖတ်ခဲ့တာကတော့ စာတမ်းရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစာချုပ်ရယ် Whitepaper ရယ်ထဲမှာ ပါဝင်တဲ့ CommonWealth သို့မဟုတ် မြန်မာလို ဓနသဟာယ နိုင်ငံများအကြောင်းအရာလေးပဲဖြစ်ပါတယ်။ ဒီအကြောင်းလေးတွေထဲကမှ ကောင်းနိုးရာရာလေးတွေကို ထုတ်နှုတ်ပြီး K2K ပရိသတ်များဗဟုသုတ ရနိုင်ဖို့ရာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အဲ့တော့ ပထမဦးစွာ WhitePaper လို့ခေါ်တဲ့ စက္ကူဖြူစီမံကိန်းထဲမှာပါတဲ့ အချက်လေးတွေ လေ့လာကြည့်ရအောင်။
ဒီပုံလေးဟာ ၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့က အင်္ဂလိပ်တို့ တရားဝင်ထုတ်ပြန်ခဲ့တဲ့ Whitepaper ပဲဖြစ်ပါတယ်။ ဒီထဲမှာတင်ပြထားတဲ့ အချက်အလက်တွေဟာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားသူများရဲ့ ဆန္ဒနဲ့ တော်တော်များများဆန့်ကျင်နေခဲ့တာကို ကျွန်တော်သမိုင်းစာအုပ်တွေဖတ်ရင်း သိရှိခဲ့ဖူးပါတယ်။ ဘယ်အချက်တွေလဲလို့မေးရင်မမှတ်မိတော့ပေမယ့် အင်္ဂလိပ်တို့ရေးတဲ့ မူရင်း ဒီစာတမ်းကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော့ အချက် ၂ ချက်လို့ ကျွန်တော်မြင်ပါတယ်။ ပထမအချက်ကတော့ ဒီစီမံကိန်းရဲ့ နိဂုံးအဆုံးသတ်သည် မြန်မာနိုင်ငံကို ဓနသဟာယ နိုင်ငံ အဖြစ်အဆုံးသတ်ခိုင်းထားခြင်းဖြစ်ပါတယ်။ ဓနသဟာယ ဆိုတာ အင်္ဂလိပ်လိုဆိုရင် CommonWealth လို့အမည်ရတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုတော့ ပုံစံတစ်မျိုးနဲ့ ရပ်တည်နေပေမယ့် အဲ့ဒီအချိန်အခါ ကာလ က Commonwealth နိုင်ငံဆိုတာ အင်္ဂလိပ်လက်အောက်ခံ နိုင်ငံတစ်ခုလို အဓိပ္ပာယ်သက်ရောက်နေတာပဲ ဖြစ်ပါတယ်။ ခုလို ၂၁ ရာစုခေတ်မှာတော့ ဒီပုံစံကို တစ်မျိုးတစ်ဖုံ မြင်နိုင်ပေမယ့် ၂၀ ရာစုနှောင်းပိုင်းလို Decolonization ကာလမှာတော့ အမျိုးသားရေးဝါဒ အားကောင်းချိန်ဖြစ်တာမို့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများက သဘောကျပုံမရခဲ့ပါဘူး။
K.Y.Lynn