Рет қаралды 1,391
www.k2kknowled...
K2K စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ နည်းပညာ ကဏ္ဍ က နေပြန်လည်ကြိုဆို လိုက်ပါတယ်။ ဒီလအတွက် ရွေးချယ်ထားတဲ့ ခေါင်းစဥ်လေးကတော့ “Hypertext ဆက်သွယ်ရေး စာချုပ်” လို့ အမည်ပေးထားပါတယ်။ အင်တာနက်ပေါ်မှာ သဘောတူချက် Protocol တွေအများကြီး ရှိနေသော်လည်းပဲ စာရေးသူတို့တွေ နေ့စဥ်နဲ့အမျှ ထိတွေ့နေရတဲ့ Protocol တစ်ခု ဖြစ်တာကြောင့် K2K ပရိသတ်များလည်း ဗဟုသုတ ရရှိစေဖို့ အတွက် ရွေးချယ်တင်ဆက်ရခြင်းဖြစ်ပါတယ်။ web browsing လုပ်ရင် မြင်တွေ့နေကြဖြစ်တဲ့ http လို့ခေါ်တဲ့ စာလုံးလေးဟာ Hypertext Transfer Protocol လို့ အရှည်ကောက် ဆိုလိုတာဖြစ်ပြီး စာရေးသူတို့တွေ အင်တာနက်ပေါ်မှာ Website တွေကိုကြည့်ရှုနိုင်ဖို့ အချင်းချင်းသဘောတူထားကြတဲ့ သဘောတူစာချုပ်တစ်ခုလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။
အဲ့ဒီတော့ ဘယ်လိုတွေ သဘောတူထားကြတာလဲ? ဘာတွေကို ဆက်သွယ်ပေးမှာလဲ? စတဲ့ စိတ်ဝင်စားကောင်းတဲ့ အချက်လေးတွေကို ဆက်လက်လေ့လာကြည့်ကြရအောင်။ ပေးထားတဲ့ ခေါင်းစဥ်လေးအတိုင်း ရှင်းရမယ်ဆိုရင် Hypertext ဆိုတဲ့ စကားလုံးလေးကို အရင်ရှင်းဖို့လိုအပ်ပါလိမ့်မယ်။ hyper ဆိုတာ ဂရိစကား “အလွန်တွင်, လွန်သော” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တာဖြစ်ပြီး Text ဆိုတဲ့ စကားလုံးနဲ့ ပေါင်းလိုက်တဲ့ အခါမှာ text တစ်ခုထက်ပိုသော လို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ ဆိုလိုတာက Text တစ်ခုဖြစ်ပေမဲ့ သူ့မှာ Text ထက်ပိုတဲ့ အချက်အလက်တွေများစွာ ပါဝင်နေတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ စာရေးသူတို့ ဘာသာခြား စာတစ်စောင်ဖတ်တယ်ဆိုကြပါစို့။ ဒီစာထဲမှာမသိတဲ့ စာလုံးပါလာပြီဆိုရင် အဘိဓာန်ကို အကူအညီယူပြီး နားလည်အောင်ကြိုးစားရပါတယ်။ ဒါက ရိုးရိုး text ဖြစ်နေတာကြောင့်ပါ။ အကယ်၍ ဒီအချက်အလက်တွေကို တစ်ခါတည်းနားလည်အောင် တစ်နည်းနည်းနဲ့ ဖော်ပြပေးနိုင်မယ်ဆိုရင် ဒီစာလုံးဟာ hypertext လို့ဆိုနိုင်သွားမှာဖြစ်ပါတယ်။ ဒီလို Hypertext များကို အင်တာနက်စာမျက်နှာများဖြစ်တဲ့ Webpage များမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း Hypertext ကို Website ရေးဆွဲရာ Language များတွင် HTML ဆိုတဲ့ အမည်နဲ့ တွေ့ရှိရမှာဖြစ်ပါတယ်။ HTML ဆိုတာ Hypertext Markup Language လို့ အတိုကောက်အဓိပ္ပာယ် ရပါတယ်။
HTTP ဆိုတဲ့ Hypertext အဆက်အသွယ်စာချုပ်ဟာ Client နဲ့ Server အကြား ဆက်သွယ်ဖို့အတွက် တီထွင်ထားတာဖြစ်ပါတယ်။ HTTP လို့ ခေါ်ရခြင်းက ကနဦး ဒီစနစ်ကိုတီထွင်ခဲ့စဥ်က Hypertext များကိုသာ အဆက်အသွယ်ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာကြောင့် ဖြစ်ပြီး ယခုအခါမှာတော့ အင်တာနက်ပေါ်မှာချိတ်ဆက်နေတဲ့ ကွန်ပျူတာနှစ်လုံးက နားလည်နိုင်တဲ့ မည်သည့် အချက်အလက်ကိုမဆို ပေးပို့နိုင်တဲ့ စနစ်တစ်ခုဖြစ်နေပါပြီ။
ပထမဦးစွာ Client နဲ့ Server ကို ချိတ်ဆက်မိဖို့ အတွက် Internet ဆိုတဲ့ အရာကြီးက တာဝန်ယူပေးပါတယ်။ ချိတ်မိပြီ ဆိုတာနဲ့ Client ဘက်ကနေပြီး Get/Request လို့ခေါ်တဲ့ တောင်းဆိုချက်တွေကို ပေးပို့စေပါတယ်။ ဥပမာ စာဖတ်သူဟာ ဖုန်းရဲ့ browser က URL မှာ k2kknowledgebank.com/home လို့ရိုက်လိုက်ပြီဆိုရင် k2k server စီကို ဒီစာမျက်နှာ ဖွင့်ပေးဖို့ တောင်းဆိုတဲ့ စာတစ်စောင်ရောက်ရှိလာမှာဖြစ်ပါတယ်။ server ကနေ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ response ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ပေးပို့လိုက်တဲ့ HTML အချက်အလက်တွေကို စာဖတ်သူတို့ phone ရဲ့ browser application ကနေပြီး နားလည်အောင်ဖတ်မှာဖြစ်ပါတယ်။ Web Browser Application တွေဟာ HTML ကိုနားလည်တဲ့အတွက် k2kknowledgebank.com ရဲ့ စာမျက်နှာကို မြင်တွေ့နိုင်ပြီပဲဖြစ်ပါတယ်။ ဒီ Web Page တစ်ခုကို ဘယ်လိုပုံစံဖြစ်ချင်တယ်၊ ဘာတွေပါချင်တယ်၊ စသဖြင့် အမျိုးမျိုး သောအချက်တွေဟာ HTML ထဲမှာ ထည့်သွင်းထားတာကြောင့် Web Browser ကနေဘာသာပြန်ပြီး စာရေးသူတို့ အသုံပြုသူတွေမြင်တွေ့ရတာဖြစ်ပါတယ်။
Http သည် အမြဲတမ်း Get/Request ကိုချည်းပို့တာမျိုးမဟုတ်ပါဘူး။ တခါတခါ Post/Request လို့ခေါ်တဲ့ အရာမျိုးကိုလည်းဆောင်ရွက်ပါသေးတယ်။ သူကဘယ်လိုမျိုးလဲဆိုတော့ စာရေးသူတို့အချက်အလက်တွေကို ထည့်သွင်းပေးပို့တာမျိုးဖြစ်ပါတယ်။ ဥပမာ စာရေးသူတို့ Facebook login ဝင်မယ်ဆိုရင် username and password ကိုရီုက်ထည့်ပြီး ဝင်ရတာဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ စာရေးသူတို့ client ဘက်ကနေ server ကို အချက်အလက် ပေးပို့ပြီးမှ ဒါကတော့ မောင်မောင် တောင်းဆိုနေတာဖြစ်တယ်ဆိုတာသိရှိပြီး မောင်မောင်ရဲ့ အချက်အလက်တွေကို response ပြန်လည်ပြုလုပ်တာဖြစ်ပါတယ်။ response လုပ်တဲ့ နေရာမှာ Cookies လို့ခေါ်တဲံ အချက်အလက်လေးတွေကို တပါတည်း ထည့်ပြီးပို့တတ်ပါတယ်။ ဒီ cookie တွေကိုတော့ စာဖတ်သူတို့ရဲ့ browser ထဲမှာ သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါမှနောက်တစ်ကြိမ် ဝင်တဲ့အခါ တစ်နည်း request လုပ်တဲ့အခါ မှာ login ထပ်လုပ်စရာမလိုပဲ မောင်မောင်ဆိုတာကို အလွယ်တကူသိရှိပြီး အချက်အလက်များပေးပို့မှာဖြစ်ပါတယ်။
စာရေးသူခဏခဏ ပြောခဲ့သလို အင်တာနက်ဆိုတာ public network ဖြစ်တာကြောင့် Hacker များက အလွယ်တကူ ကြားဖြတ်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် website တွေသည် သူတို့နဲ့ Hypertext အဆက်အသွယ်လုပ်မယ့် သူတွေအတွက် လုံခြုံစိတ်ချ ရအောင် SSL (Secure Socket Layer) TLS (Transport Layer Security) စတဲ့စနစ်တွေကို အသုံးပြုကြပါတယ်။ စာဖတ်သူတို့ Website တစ်ခုကို ဝင်လိုက်တဲ့ အခါမှာ ဆိုပြီး ဘေးမှာ သော့ပုံလေး ပေါ်နေတာသည် ဒီ SSL / TLS စနစ်တွေကို အသုံးပြုထားလို့ပဲဖြစ်ပါတယ်။ server ကနေ စာဖတ်သူတို့ ဖုန်းထဲကို အချက်အလက်တွေပို့တဲ့အခါမှာ ခုလို SSL-TLS စနစ်ကိုအသုံးပြုပြီဆိုရင် Digital Certificate လို့ခေါ်တဲ့ ID တစ်ခုကို ပေးပို့ပါတယ်။ ဘာနဲ့တူလဲဆိုတော့ စာရေးသူတို့တွေမှာ အစိုးရကထုတ်ပေးတဲ့ မှတ်ပုံတင်တွေရှိသလိုမျိုးပေါ့။ သူကလည်း သူဟာ လုံခြုစိတ်ချရတဲ့ website တစ်ခုဖြစ်တယ်ဆိုတာကို browser ကို သိအောင် certificate ပြတာပဲဖြစ်ပါတယ်။ အကယ်၍ certificate မရှိပဲ ssl စနစ်ကိုသုံးမယ်ဆိုရင်တော့ browser မှာ သတိပေးစာတက်လာမှာပဲဖြစ်ပါတယ်။
K.Y.Lynn